၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မတ်လကုန်တွင် သက်ဆိုင်ရာ တက္ကသိုလ်များတွင် စတင်စစ်ဆေးမည်ဖြစ်သည်။
အဖြေလွှာစစ်ဆေးမည့် အခြေခံပညာမှ ဆရာ၊ ဆရာမများ စေလွှတ်ရာတွင် ဘာသာရပ်ကိုက်ညီမှုရှိသော ဆရာ၊ ဆရာမများကိုသာ စေလွှတ်စေရန် ညွှန်ကြားထားပြီး သက်ဆိုင်ရာ တက္ကသိုလ်များသို့ မတ် ၂၉ ရက် အရောက် သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခများထံ သတင်းပို့ရမည်ဖြစ်သည်။
ဆရာ၊ ဆရာမများအနေဖြင့် အဖြေလွှာစစ်ဆေးရန် လာရောက်သည့်အခါတွင် မိမိစစ်ဆေးမည့် ဘာသာရပ်သင်ကြားသူဖြစ်ကြောင်းကို ထောက်ခံချက်များ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးရန်အတွက် အခြေခံပညာကဏ္ဍမှ ဘာသာရပ်အလိုက် သတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်သက် ၃ နှစ်အထက် ဆရာ၊ ဆရာမများကို ရွေးချယ်ထားပြီး မြို့နယ်အလိုက် တောင်းခံထားသော ဆရာ၊ ဆရာမအင်အားစာရင်း ပြည့်မီခြင်းမရှိပါက ဘာသာရပ်အလိုက် လုပ်သက် ၃ နှစ်အောက်ရှိသော အထက်တန်းပြ ဆရာ၊ ဆရာမများကိုပါ ရွေးချယ်စေလွှတ်ရမည် ဖြစ်သည်။
အဖြေလွှာစစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဆရာ၊ ဆရာမများအနေဖြင့် အဖြေလွှာစစ်ဆေးရန် ကျန်းမာရေးအခြေအနေအရ မသင့်တော်ပါက မြို့နယ်ကုသ/ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၏ ဆေးစာပါရှိရမည်ဖြစ်သည်။
အထူးကု/ပြင်ပဆေးခန်းများတွင် ပြသပြီး ရယူလာသော ဆေးစာများကို လက်ခံမည်မဟုတ်ပါ။
အဖြေလွှာစစ်ဆေးချိန်တွင် ကိုယ်ဝန်ရှိသူ၊ မီးဖွားခွင့်ခံစားနေရသူများကို အဖြေလွှာစစ်ဆေးခြင်းမှ ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းငါးသောင်းခန့် ဖြေဆိုခဲ့သည်။
READ - ယခုနှစ်မှစ၍ ပညာရေးကောလိပ်လျှောက်ထားမည့်သူများကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှသာ ခေါ်ယူမည်
source: democracy