ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဝေးလံဒေသများမှ ကျောင်းသားများကို ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ် ကန့်သတ်ချက်မရှိခေါ်ယူမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုနှင့် နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲသော ဝေးလံဒေသများမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်ကို အမှတ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက စက်တင်ဘာ (၄) ရက်တွင်ကြေညာသည်။
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ “ဝ” နှင့် နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများမှ ကျောင်းသား/ကျောင်းသူများသည် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ရုံးအမှတ် (၁၄) နေပြည်တော်သို့ စက်တင်ဘာ (၃၀) ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဝေးလံဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများသည် (၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ရမည်ဖြစ်ပြီး လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားရမည်ဖြစ်သည်။
ထို့အပြင်အဆိုပါဒေသများတွင် အခြေခံပညာအဌမတန်း၊ န၀မတန်း၊ တက္ကသိုလ်ဝင်တန်း ဆက်တိုက်ပညာသင်ကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဒေသများမှအောင်မြင်ရမည်ဖြစ်သည်။
Myanmar (20) မြန်မာဘာသာစကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (20) ခုရှာရန်နှိပ်ပါ။
ထိုသို့ လျှောက်ထားသူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ် သတ်မှတ်ထားခြင်းမရှိသော်လည်း ရောက်ရှိလာသည့်လျှောက်လွှာများအပေါ်မူတည်၍ သတ်မှတ်အရေအတွက်အတိုင်းဝင်ခွင့်ရွေးချယ်မည်ဖြစ်ကြောင်း ဆေးတက္ကသိုလ (၁) ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ၀င်ခွင့်ရွေးချယ်မှုပုံစံနှင့် ပတ်သက်၍ ရှင်းပြသည်။
လျှောက်ထားမည့်သူများသည် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်မူရင်းတစ်စောင်၊ ယင်းဒေသရှိကျောင်းတွင် (၃) နှစ်ဆက်တိုက်တက်ရောက်ခဲ့သူဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထိုဒေသရှိ စာစစ်ဌာနမှ အောင်မြင်သူဖြစ်ကြောင်း သက်ဆိုင်ရာအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် ထိုဒေသတွင် (၃) နှစ်ဆက်တိုက် နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ထောက်ခံချက်၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများ၊ ဘွဲ့ရရှိပြီးပါက မိမိဒေသတွင် (၅) နှစ်မပျက်မကွက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်တို့ကို ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် တင်ပြရမည်ဟုကြေညာထားသည်။
Russia (3) ရုရှားဘာသာ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
“၀င်ခွင့်ကတ်က လျှောက်တဲ့သူဆိုရင်တော့ ကျောင်းပြီးရင် (၃) နှစ်ပဲအလုပ်ပြန်လုပ်ရတယ်။
ဒီဒေသတွေဆီကဆိုရင်တော့ (၅) နှစ်ဝန်ခံကတိထိုးရတယ်။ သူတို့ကိုက ဒေသဆရာဝန်လိုအပ်ချက်ကြောင်း ခေါ်တာဖြစ်တာကိုး” ဟု ဒေါက်တာဇော်ဝေစိုးကဆိုသည်။ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် (၁) ရန်ုကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး) နှင့် ဆေးတက္ကသိုလ် (တောင်ကြီး) တို့ ဖွင့်လှစ်ထားပြီး ယခုနှစ်နှင့် ထိုဆေးတက္ကသိုလ် (၅) ခုတွင် သင်တန်းသား (၁၂၀၀) လက်ခံမည်ဟု (၂၀၁၉) တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြထားသည်။
Read More:>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ
ဆေးတက္ကသိုလ်များတွင် နှစ်စဉ် ပထမနှစ်ကျောင်းသားလက်ခံရာတွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ သင်တန်းရွေးချယ်မှုကတ်ပြားမှတစ်ဆင့် လျှောက်ထားလာမှုများကို အမှတ်အများဆုံးမှ အနည်းဆုံးအထိ သတ်မှတ်အရေအတွက် ပြည့်သည်အထိလက်ခံသော အစီအစဉ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဝေးလံဒေသများမှ ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်သည့် အစီအစဉ်ဟူ၍ အစီအစဉ် (၂)ခုဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ (၂၀၁၈) က ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ်ဆုံးရမှတ်သည် ကျား (၅၀၅) မှတ်၊ မ ( ၅၁၅) မှတ်ဖြစ်သည်။
Source : 7Day Daily