၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ မတော်တဆ မီးပျက်ပါက အမြန်ဆုံးဓာတ်အား ပြန်လည်ပေးနိုင်စေရန် မြို့နယ်အလိုက် အစီအစဉ်များ ရေးဆွဲထားကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ (YESC) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာဖြေဌာန ၂၂၇ ခုသို့ သွယ်တန်းသော လျှပ်စစ်ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုကို ကြိုတင်လေ့လာ စစ်ဆေး၍ လိုအပ်ချက်များ ရှိပါက ပြုပြင် ဆောင် ရွက် လျက်ရှိသည်။
''အခုကတည်းက မြို့နယ်အလိုက် ဓာတ်အားခွဲရုံတွေရဲ့ အခြေအနေတွေ၊ ဓာတ်အား လိုင်းတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးနေပါတယ်။ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးမှာ ရှိတဲ့ စာဖြေဌာန ၂၂၇ ခုကို ဘယ်ဓာတ်အားခွဲ ရုံကနေ ဓာတ် အားလိုင်း သွယ်တန်းထားတယ် ဆိုတာကအစ အသေးစိတ်အနေနဲ့ စစ်ဆေးထားတယ်။
ဒါ့ပြင် သွယ်တန်းတဲ့ ကြိုးတွေရဲ့အခြေအနေတွေ၊လက်ရှိ ဓာတ်အား ပေးဝေနေတာတွေ၊ ကြံ့ခိုင်မှု အားနည်းတဲ့ ပစ္စည်းတွေကို လဲလှယ်ပြုပြင်တာတွေ လုပ်နေတဲ့အပြင် မတော်တဆ မီးပျက်ခဲ့ရင် အရန်အနေနဲ့ အမြန်ဆုံး ဓာတ်အားပေးနိုင်အောင် ရုံးချုပ်ကနေ ကွပ်ကဲမှုတွေ လုပ်ဆောင်နေပါတယ်'' ဟု ၎င်းက ပြောသည်။
စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မတော်တဆမီးပျက်ပါက အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရန့်  YESC ရုံးချုပ်၏ စီမံမှုဖြင့် မြို့နယ်အလိုက် မြို့နယ်အဆင့် လျှပ်စစ် အရာရှိများကို တာဝန်ချကာ လူအင်အား၊ ပစ္စည်းကိရိယာ အင်အားများဖြင့် အဆင်သင့် ပြင်ဆင်ထားပြီး ပြုပြင်ရမည့် နေရာကို အမြန်ဆုံး သွားရောက်နိုင်ရန် မော်တော်ယာဉ်ကို လည်း အသင့်စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးဝေနေသည့် ဓာတ်အားခွဲရုံများမှ ပစ္စည်းကိရိယာများ၏ ကြံ့ခိုင်မှု အနေအထားများကို စစ်ဆေးကာ လိုအပ်ချက်များရှိပါက ပြင်ဆင်ခြင်း၊ အစားထိုး လဲလှယ်ခြင်းတို့ လုပ်ဆောင်နေသည့်အပြင် မြေအောက်ကြိုးလိုင်းများ၊ ကောင်းကင် ဓာတ်အားလိုင်း များနှင့် ထရန်စဖော်မာများကိုလည်း ကြံ့ခိုင်မှု ရှိစေရန် ယခုကပင် ကြိုတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
source: myawaddy