တက္ကသိုလ်များတွင် ပြန်လည်သင်ကြားနိုင်ရန် လျာထားဆောင်ရွက်မည်ဖြစ် ကြောင်း သိရပါတယ်။
တက္ကသိုလ်များတွင် နက္ခတ္တဗေဒဘာသာရပ်နှင့် ရူပနက္ခတ္တဗေဒဘာသာရပ်များသင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ် ၃၆ ခုမှ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ ပါဝင်သည့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ စတုတ္တပတ်တွင် မန္တလေးတက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က နက္ခတ္တဗေဒဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းအချို့ကို သင်ကြားပေးခဲ့ဖူးပါတယ်။ အရင်တုန်းက ၁၀ တန်းမှာလည်း ကြယ်တွေ၊ နက္ခတ်တွေကို လေ့လာတဲ့ တယ်လီစကုပ်အကြောင်းကို သင်ကြားခဲ့ပေမယ့် အခုဆိုရင်တော့ ဒီဘက်ခေတ်လူတွေမှာ အချို့ဆိုရင် ဒီလို ဗဟုသုတလေးတွေတောင် သိရှိမှုအားနည်းသွားကြပြီ။ ပြည်ပက ကျောင်းတွေမှာတော့ ဒီဘာသာရပ်တွေကို အလေးပေးပြီး သင်ကြားနေကြတာတွေ့ရပါတယ်။
အမေရိကန်က နာဆာအဖွဲ့ကြီးက ရန်ပုံငွေအကုန်အကျခံပြီး နက္ခတ္တဗေဒတွေကို လေ့လာနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ပြည်ပနိုင်ငံက တက္ကသိုလ်တွေမှာလည်း ဒီပညာရပ်တွေကို အကျယ်တ၀င် သင်ကြားပေးနေတာ အတော်ကြာပါပြီ။
မြန်မာပြည်အနေနဲ့ အခုမှစတာက နောက်တောင်ကျနေပါသေးတယ်။ အာကာသကြီးကို လွှမ်းမိုးနိုင်တယ်ဆိုရင် ဒီအာကာသကြီးနဲ့ ဆက်စပ်ပြီး ရာသီဥတု ဖောက်ပြန်တာတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေအားလုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။
အနာဂတ်ကို ကြိုသိရှိနိုင်တယ်ဆိုတာကလည်း နက္ခတ္တဗေဒ ပညာရပ်တစ်ခုတည်းရှိပါတယ်။ ကောင်းကင်က နက္ခတ်တွေကို လေ့လာတဲ့ နက္ခတ္တဗေဒပညာရပ်က လေ့လာသင့်တဲ့ သင်ကြားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်ဟု ဆရာဦးဇေယျာမိုး (ဝေဒဗိမာန်) က ပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာတက္ကသိုလ်တွေမှာလည်း ပြည်ပနိုင်ငံက တက္ကသိုလ်တွေလို နက္ခတ္တဗေဒဘာသာရပ်တွေကို သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း သိရပါတယ်။
နက္ခတ်တွေကို လေ့လာတယ်ဆိုတာက နေစကြ၀ဠာကို လေ့လာတာပါ။ နေစကြ၀ဠာကြီးမျာ ဂြိုဟ်တွေရဲ့ ဖောက်ပြန်မှုတွေ ဂြိုဟ်တွေရဲ့ ပတ်သက်မှုကနေ ငလျင်ဖြစ်တာတို့ ရေကြီးတာ အဲဒီလို အနေအထားတွေပေါ် မူတည်ပြီး သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။
တက္ကသိုလ်များတွင် နက္ခတ္တဗေဒနှင့် ရူပနက္ခတ္တဗေဒဘာသာရပ်များ သင်ကြားနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းအသစ်များရေးဆွဲနိုင်ရေးအား စတင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါ ဆွေးနွေးမှုများမှ ရရှိလာသော အကြံပြုချက်များပေါ် အခြေခံပြီး ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်ဖြစ်ကာ အတည်ပြုချက်ရရှိပါက လာမည့်ပညာသင်နှစ်မှစ၍ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် သင်ကြားနိုင်ရန် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
Source: Daily Eleven