ယခုပညာသင်နှစ်အတွက် အဝေးသင် ဒုတိယနှစ်နှင့်အထက်သင်တန်းများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး သတ်မှတ်ထားသော ငွေသွင်းမှတ်ပုံတင်ရက် ကျော်လွန်ပါက ယခု စာသင်နှစ် အတွက် ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် ဖွင့်လှစ်ထားသော အဝေးသင်ဌာနများတွင် တက်ရောက်ရမည့် ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ သင်တန်းဖွင့် ရက် ကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းများ၏ ၀င်ခွင့်မှတ်ပုံတင်ခြင်းများကို မေ ၂၃ ရက် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ယခု စာသင်နှစ်တွင် ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း သိပ္ပံလက်တွေ့ သင်တန်းများကို ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ပြုလုပ်မည် ဖြစ်သည်။
"တက္ကသိုလ်များကို အဝေးသင်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲပေးပြီးပြီဆိုတော့ တက္ကသိုလ်အလိုက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ကျောင်းသား၊ ကျောင်းသူတွေက လိုက်နာရမှာပါ။ သတ်မှတ်ချက်များကို မလိုက် နာရင် တက္ကသိုလ်အလိုက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဆောင်ရွက်ကြပါလိမ့်မယ်။ " ဟုပြောသည်။
ဒုတိယနှစ်နှင့်အထက် သင်တန်းများ၏ ပထမနှစ်ဝက် စာစဉ်တင်သွင်းခြင်းများကို ဇွန် ၂၈ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်သလို ဒုတိယနှစ်ဝက်အဆိုင်းမန့် တင်သွင်းရက်များကိုလည်း သြဂုတ် ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး တင်သွားရမည် ဖြစ်သည်။
အနီးကပ်သင်တန်းပို့ချခြင်းများကို ယခင်နှစ်ကအတိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလတွင် တက်ရောက်ရမည်။
ယခုနှစ်မှစတင်ပြီး အဝေးသင် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သော စာမေးပွဲဆိုင်ရာ ကိစ္စများ၊ စာစဉ်တင်သွင်းခြင်း၊ ပြုစုခြင်း၊ စာစဉ်ဖြန့်ဝေခြင်း၊ သင်တန်းပို့ချခြင်းများကို တက္ကသိုလ် အလိုက် ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့သည် အွန်လိုင်းဖြင့် ပို့ချသော သင်တန်းများကိုသာ ဆောင်ရွက်တော့မည် ဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဝေးသင် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော် တက်ရောက်နေသည်။
source: democracy