၁. အင်္ဂလိပ်စာ
နိုင်ငံခြားမှာ ပညာသင်ဖို့ စိတ်ကူးထားတယ်ဆိုရင်ဖြင့် ပထမဆုံး မဖြစ်မနေ လေ့လာရမှာက အင်္ဂလိပ်စာပါ။ IELTS, TOEFL စတာတွေ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ ပြည်ပနိုင်ငံမှာ နေထိုင်ဖို့အတွက်၊ သုတေသန ဆိုင်ရာတွေ နားလည်အောင်ဖတ်ရှုနိုင်ဖို့၊ ရေးသားနိုင်ဖို့ အင်္ဂလိပ်စာ မဖြစ်မနေ လိုအပ်ပါတယ်။
IELTS ရမှတ်ရှိထားရင်လည်း မိမိစိတ်ကြိုက် စကော်လာများ ရွေးချယ် လျှောက်ထားနိုင်သလို အများနဲ့ ယှဉ်ပြိုင် လျှောက်ထားရတဲ့အခါ မိမိအတွက် အခွင့်အရေး သာပါတယ်။
၂. များများရှာဖွေပါ
ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး စုစည်း ဖော်ပြထားတဲ့ Website တွေ အများကြီး ရှိပါတယ်။ များများ သိထားလေ ရွေးချယ်ခွင့်များလေပါ။ အဆိုပါ Website တွေကတစ်ဆင့် ဘာသာရပ်အလိုက်၊ နိုင်ငံ အလိုက်၊ Deadline အလိုက် လျှောက်ထားနိုင်တဲ့ နိုင်ငံအလိုက် စသည်ဖြင့် အသေးစိတ် ရှာဖွေလို့ ရပါတယ်။
၃. အသင့်တော်ဆုံးကိုရွေးပါ
မိမိ လေ့လာချင်တဲ့ ဘာသာရပ် နယ်ပယ်၊ သွားရောက်လိုတဲ့နိုင်ငံ၊ တက္ကသိုလ်များအလိုက် အသေချာဆုံး ပညာသင်ဆုများကို ရှာဖွေပါ။
မြန်မာနိုင်ငံအတွက်၊ အာဆီယံနိုင်ငံများ အတွက်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စသည်ဖြင့် ခေါင်းစဉ်သီးသန့် တပ်ထားသော ပညာသင်ဆုများကို ရွေးပါ။ မိမိ လက်လှမ်းမီသမျှ အခြားသူများ ရရှိဖူးတဲ့ ပညာသင်ဆုများ၊ သံရုံးများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် သီးသန့် ကမ်းလှမ်းသော ပညာသင်ဆုများကို ဦးစားပေးပါ။
၎. သတ်မှတ်ချက်နဲ့ ကိုက်ရဲ့လားစစ်ပါ
ပညာသင်ဆုအလိုက် သတ်မှတ်ချက်များနဲ့ ကိုက်ညီဖို့ လိုပါတယ်။ မကိုက်ညီရင် အချိန်ကုန်၊ ငွေကုန်ပဲ ဖြစ်ပါလိမ့်မယ်။ သတ်မှတ်ချက်များကို ဂရုတစိုက် ဖတ်ဖို့လိုပါတယ်။
အင်္ဂလိပ်စာ သတ်မှတ်ချက်အနေနဲ့ တရားဝင် သတ်မှတ်ထားကြပေမယ့် အချို့ တက္ကသိုလ်တွေအတွက် IELTS, TOEFL စတာတွေမရှိလည်း ပြည်တွင်းတက္ကသိုလ် ထောက်ခံချက်များ လက်ခံလေ့ရှိသလို သီးသန့် စာမေးပွဲ ကျင်းပလက်ခံပေးတာလည်း ရှိတတ်ပါတယ်။ သေချာအောင် စုံစမ်းဖို့ လိုပါတယ်။
၅. အမျိုးအစား
ပညာသင်စရိတ် ထောက်ပံ့တဲ့အပေါ် မူတည်ပြီး စရိတ်အားလုံး အကုန်အကျ ခံတဲ့ပညာသင်ဆု (Fully funded)၊ တစ်ဝက် သို့မဟုတ် အစိတ်အပိုင်းတစ်ခု ထောက်ပံ့ပေးတဲ့ ပညာသင်ဆု (Partially funded)၊ ကျောင်းစရိတ် ကင်းလွတ်ခွင့်ပေးတဲ့ ပညာသင်ဆု (Full tution fee waiver)၊ ကျောင်းစရိတ်တစ်ဝက် သို့မဟုတ် ရာခိုင်နှုန်းတစ်ခု ကင်းလွတ်ခွင့် ရတဲ့ပညာသင်ဆု (Full tution fee waiver) စသည်ဖြင့် ရှိကြပါတယ်။
ပညာသင်ဆုလို့ အမည် တပ်လိုက်တိုင်း Fully funded scholarships တွေ မဟုတ်တဲ့အတွက် သတိထား ကြည့်ကြဖို့ လိုပါတယ်။ ပညာသင်ဆုများရဲ့ လမ်းညွှန်ထဲမှာ ဘာတွေ ထောက်ပံ့ပေးမယ်ဆိုတာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
၆. Deadline
မိမိအတွက် သင့်တော်တဲ့ ပညာသင်ဆု သုံးခုခန့် ရွေးချယ်ပြီး Deadline များအလိုက် စနစ်တကျပြင်ဆင်ပါ။ Deadline မတိုင်မီ နှစ်ပတ်ခန့် အလိုမှာ ပြင်ဆင်ရမည့် အချက်အလက်များ အားလုံးကို ပြီးစီးအောင် လုပ်ထားသင့်ပါတယ်။ လျှောက်လွှာတင်ခြင်း၊ လူတွေ့မေးမြန်းခြင်း စတဲ့ လိုအပ်တဲ့လုပ်ငန်းစဉ် အားလုံး၏ နောက်ဆုံး သတ်မှတ်ရက်များကို စနစ်တကျ ရေးမှတ်ထားဖို့ လိုပါတယ်။
၇. စာရွက်စာတမ်းများ
ပညာသင်ဆု အားလုံးအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ Grading, Transcripts, Degree Certificate စတာတွေကို မိတ္တူ များများဆွဲပြီး Certified True Copies (မိတ္တူပေါ်တွင် တက္ကသိုလ်မှ တံဆိပ်နဲ့ လက်မှတ်ပြုလုပ်ပေးသော) များများလုပ်ထားဖို့ လိုပါတယ်။
Recommendation Letter များကိုလည်း အပို တောင်းယူထားဖို့ လိုပါတယ်။ မိမိရဲ့ အရည်အချင်း အားလုံးကို မိမိရဲ့လျှောက်လွှာ၊ မိမိရဲ့ စာရွက်စာတမ်းများဖြင့်သာ ပထမဆုံး ဆုံးဖြတ်မှာဖြစ်တဲ့အတွက် သေသေသပ်သပ်၊ စနစ်တကျ ပြင်ဆင်ဖို့ လိုပါတယ်။
၉. မေးပါ
လျှောက်ထားလိုတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ အတည်ပြုချင်တာတွေရှိရင် ဆက်သွယ်ရမယ့် အီးမေးလ်လိပ်စာကို မေးဖို့ အားမနာပါနဲ့။ မေးလာရင် ဖြေကြားဖို့အတွက် Contact Email တွေ ပေးထားတာ ဖြစ်တဲ့အတွက် ပေးထားတဲ့လိပ်စာကို တိုက်ရိုက်မေးခြင်းဟာ အတိကျဆုံး အဖြေကို ရနိုင်ပါတယ်။
၉. ဇွဲရှိပါ၊ စိတ်ရှည်ပါ
ပြည်ပ ပညာသင်ဆုဆိုတာ လျှောက်ထားသူတွေရဲ့ ဇွဲရှိမှု၊ စိတ်ရှည်မှုကို စမ်းသပ်ပြီးမှ ရရှိနိုင်တဲ့ အခွင့်အရေး တစ်ခုပါ။ တစ်ကြိမ်တည်းနဲ့ ချက်ချင်းရဖို့ဆိုတာ အင်မတန် ခက်ပါတယ်။
ဒါပေမဲ့ ကိုယ်နဲ့ သင့်တော်တဲ့ ပညာသင်ဆုတွေကို ရွေးလျှောက်မယ်ဆိုရင် တစ်ခုမဟုတ် တစ်ခု သေချာပေါက် ရနိုင်ပါတယ်။ တစ်ခုမအောင်မြင်တာနဲ့ စိတ်ဓာတ် မကျပါနဲ့။ ဆက်ကြိုးစားကြည့်ပါ။ အောင်မြင်ပါလိမ့်မယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: အုန်းဇင်လင်း (ပညာရေး)