ယခုပို့ချချက်သည် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် မြန်မာစာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဖြစ်ပါသည်။
ထိုပို့ချချက်သည်မြန်မာစာ ပြဌာန်း စာများကို လေ့လာကျက်မှတ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲကြီး ဖြေဆိုရာတွင် ထူးချွန်ပေါက်မြောက်စွာ ဖြေဆိုနိုင်ရန် ရည်ရွယ်ပါသည်။ ယခုနှစ်ဖြေဆိုရမည့် မေးခွန်းမှာ မေးခွန်းပုံစံသစ်ဖြင့် ဖြေဆိုကြရမည် ဖြစ်သည်။
မြန်မာဘာသာရပ်မေးခွန်းပုံစံသစ်သည် ကျောင်းသူကျောင်းသားများ သင်ခန်းစာကို နှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းကို လျှော့ချပြီး တစ်နှစ်ပတ်လုံး သင်ယူလေ့လာဆည်းပူးထားသည့် သင်ခန်းစာ များကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ကိုယ်တိုင် တီထွင်ဖန်တီးနိုင်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်မှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့်ပုံစံသို့ ဦးတည်ပြောင်းလဲထားပါသည်။
မေးခွန်းပုံစံသစ်သည် အလွတ်ကျက်မှတ်မှုနှင့် ကိုယ်ပိုင်တွေးခေါ်စဉ်းစားဖန်တီးနိုင်မှု တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထားခြင်းဖြစ်ရာ ကျောင်းသူ ကျောင်းသားများအနေဖြင့် မေးခွန်းပုံစံသစ်၏ ဦးတည် ချက် အတိုင်း အလွတ်ကျက်မှတ်မှုနှင့် ကိုယ်ပိုင်စဉ်းစားတွေးခေါ်ရေးသားနိုင်မှု တို့ကို ဟန်ချက်ညီညီ လေ့လာသင်ယူ လေ့ကျင့်ထားရန် အထူးလိုအပ်လှပါသည်။
တက္ကသိုလ်ဝင်တန်း မြန်မာစာမေးခွန်းလွှာတွင် မေးခွန်းနံပါတ်(၁) မေးခွန်းသည် မြန်မာသဒ္ဒါမေးခွန်းဖြစ်ပါသည်။ ထိုမေးခွန်းတွင် ကျက်မှတ်မှုနှင့်လေ့ကျင့်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပါသည်။
မြန်မာသဒ္ဒါမေးခွန်းတွင် အဓိက အားဖြင့် အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်များ၊ သဒ္ဒါသဘောတရားများကို စစ်ဆေးသည့် အပိုင်းနှင့် မြန်မာ သဒ္ဒါဆိုင်ရာ အချက်အလက် များကို မည်မျှလက်တွေ့အသုံးချနိုင်သည်ကို စစ်ဆေးအကဲဖြတ်သည့် အပိုင်းတို့ ဖြစ်ကြပါသည်။
ယခင်နှစ်များက မြန်မာသဒ္ဒါမေးခွန်းတွင် မေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ) သုံးပုဒ် ပါဝင်ခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် စတင်မည့် မြန်မာသဒ္ဒါဆိုင်ရာ မေးခွန်းတွင် မေးခွန်းပုဒ်ခွဲ (က)နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည်ဖြစ်သည်။
မေးခွန်း ၁(က) ဖြစ်သည့် ပထမပိုင်းတွင် မြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်ရာအခန်းမှ အုတ်ခွက်စာ၊ ကျောက်စာ စသည့် စာအမျိုးမျိုး၊ ည ပြောင်းလဲပုံ၊ ဒထွေးပြောင်းလဲပုံ၊ အက္ခရာ ဦ ပြောင်းလဲပုံ စသည့် အက္ခရာ ပုံသဏ္ဌာန်ပြောင်းလဲပုံများ၊ ဌာန်၊ ကရိုဏ်းနှင့်ပယတ်၊ စကားသံဖြစ်အင်္ဂါများ။ ဝါစင်္ဂဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဝါကျဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်များ တို့မှ ပါဝင်ပါသည်။
အဆိုပါမေးခွန်းများကို ဖြေဆိုရာတွင် ကျက်မှတ်မှုကို အားပြု၍ အချက်အလက်များကို အစီအစဉ်တကျ ရေးရမည်ဖြစ်ပြီး လိုအပ်သည့်သာဓကများကိုလည်း ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် ၁(က)တွင် (၃)ခု ပေး ထားပြီး (၁)ခုကို ဖြေဆိုကြရမည်ဖြစ်သည်။
မေးခွန်း၁ (ခ) ဒုတိယပိုင်းတွင် မြန်မာသဒ္ဒါဆိုင်ရာ အချက်အလက်များကို လက်တွေ့ကျကျ မည်မျှ သိရှိသည်၊ မည်မျှ အသုံးချနိုင်သည်ဆိုသည်ကို စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။
တစ်နည်းအားဖြင့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းဟု ဆိုနိုင်ပါသည်။ မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာများမှ ကျောင်းသူကျောင်းသားများ အမှန်တကယ်နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းမည်ဖြစ်ပါသည်။ သဒ္ဒါလေ့ကျင့်ခန်းများကို ဖြေဆိုနိုင်ရန်အတွက် သဒ္ဒါစာအုပ်မှ သဘောတရားများကို ကောင်းစွာ နားလည်သဘောပေါက်အောင်လေ့လာပြီးလေ့ကျင့်ခန်းများကို အထပ်ထပ်အခါခါ လေ့ကျင့်ထားရမည်။
မေးခွန်းပုံစံသစ်၏ နံပါတ် ၁ (ခ) သည် ယခင်က (၄) မှတ်ပေးသည့် ၁ (ခ) မေးခွန်းနှင့် (၆) မှတ်ပေးသည့် ၁ (ဂ) မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁ (ခ) (၁၀) မှတ်ပေးသည့် မေးခွန်းအဖြစ် စုစည်းထားခြင်းဖြစ်ပါသည်။ ထိုမေးခွန်းသည် သဒ္ဒါစကားလုံးနှင့် သဒ္ဒါအမျိုးအစား မေးခွန်းမျိုးသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ ပေါင်းစပ် နာမ် စကားလုံး၊ ပေါင်းစပ် ကြိယာ စကားလုံး၊ ကြိယာဝိသေသန စကားလုံး ဖန်တီးရေးသားခြင်း)၊ ၀ါကျတွင်း ပုဒ်အထားအသို ပြင်ဆင်ရေးဖွဲ့စေခြင်း၊ ပေးထားသည့် ၀ါကျတွင် ဆီလျော်သည့် သဒ္ဒါစကားလုံး ဖြည့်စွက်ရေးသားစေခြင်း စသဖြင့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို မေးမြန်းနိုင်ပါသည်။
မေးခွန်းပုံစံသစ် မေးခွန်းနံပါတ် (၂) တွင် မေးခွန်း ပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ မေးခွန်းနံပါတ် ၂ (က)သည် ခက်ဆစ်ကို ဖြေဆိုရမည့် မေးခွန်းဖြစ်ပါသည်။ ခက်ဆစ်မေးခွန်းအတွက် ကဗျာ၊ စကားပြေ ရေသည်ပြဇာတ် ပြဋ္ဌာန်းစာအုပ်(၃)အုပ်တွေ အဓိပ္ပာယ် ဖွင့်ဆိုပေးထားသည့် ဝေါဟာရများကို တိကျမှန်ကန်စွာ ကျက်မှတ်ထားရမည် ဖြစ်ပါသည်။
ခက်ဆစ်ဖွင့်ဆိုပြထားသော ဝေါဟာရများတွင် တစ်ချောင်းပုဒ် ခံထားပါက အဓိပ္ပာယ် ပြည့်စုံခြင်း မရှိသေးသည့်အတွက် ဆက်လက်ဖော်ရန် လိုအပ်ပါသည်။ ပုဒ်မခံထားသော ဖွင့်ဆိုချက်ဖြစ်ပါက ဖွင့်ဆိုချက်တစ်ခုထက်မကပါရှိနေလျှင် တစ်ခုကို ဖော်ပြလျှင် လုံလောက်ပါသည်။ ၂ (က)ခက်ဆစ်မေးခွန်းတွင် စကားလုံး ၇ လုံးပေးထားပြီး ၅ ခုကို ဆိုရပါမည်။ ခက်ဆစ်အဖွင့် မေးခွန်းတွင် ရှေးသုံး ဝေါဟာရများ သာမက ခေတ်သုံးဝေါဟာရများလည်း ပါဝင်မည် ဖြစ်သည်။
မေးခွန်းနံပါတ် ၂ (ဂ) သည် အလင်္ကာမေးခွန်းဖြစ်သည်။ ယခင်အလင်္ကာမေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုးအမည် ဖော်ပြလျက် ပေးထားပြီး သက်ဆိုင်ရာသင်ခန်းစာတွင် မည်သို့ သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မေးပါသည်။ ယခု ၂၀၁၉ ခုနှစ်တွင် စတင်မည့် မေးခွန်းပုံစံသစ်တွင် အလင်္ကာအမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထားသော ဝေါဟာရ အသုံးအနှုန်းကို အလင်္ကာ အမျိုးအစားဖော်ပြစေခြင်းနှင့် သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့သုံးထားသည့်အတွက် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်းတို့ကို မေးမြန်းပါမည်။
ဖြေဆိုရာတွင် ပုံစံတစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုခြင်းထက် ကျောင်းသား၊ ကျောင်းသူတို့၏ အမှန်တကယ် နားလည်ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ်တွင်သာ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ပါသည်။
ပုံစံသစ်အလင်္ကာမေးခွန်း၏ ဦးတည်ချက်သည် အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘော သဘာဝ နားလည်သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်ထားခြင်းဖြစ်ရာ အလင်္ကာဖြေဆိုရာတွင် မိမိ၏ နားလည်တတ်မြောက်ထားသည့် အလင်္ကာ သဘောမှန်ကန်စွာ ဖြေဆိုနိုင်လျှင် မည်သည့်အတင်အပြပုံစံဖြင့် ဖြေဆိုသည်ဖြစ်စေ အမှတ်ပြည့် ရရှိမည်ဖြစ်ပါသည်။ ပေးထားသောဝေါဟာရ အရေအတွက်မှာ (၇)ခု ဖြစ်ပြီး၊ (၅)ခု ဆိုရမည်။
မေးခွန်းနံပါတ်(၃) တွင် မေးခွန်း ပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ ၃(က)မှာ ကဗျာမေးခွန်းတို ဖြစ်ပြီး၊ မေးခွန်းပုံစံ အပြောင်းအလဲ မရှိသော်လည်း မေးမည့်မေးခွန်းကို ပိုမိုကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက် အတိုကိုပေးထားပြီး၊ ဆိုလိုရင်း ရေးသားစေသည့် မေးခွန်းမျိုး ပါဝင်လာမည်ဖြစ်ပါသည်။
ဖြေဆိုရန် မေးထားသည့် ပုဒ်ရေ (၇)ပုဒ် ဖြစ်ပါသည်။ ကဗျာမေးခွန်းတိုများကို ဖြေဆိုရာတွင် အထူးသတိပြုရမည့်အချက်မှာ ရွေးချယ်သည့် မေးခွန်း၏နံပါတ်ကို အဖြေတွင် မှန်ကန်စွာ ရေးသား ဖော်ပြရန်ဖြစ်ပါသည်။ (၇)ပုဒ်ပေးထားသည့်အတွက် မိမိရွေးချယ်သည့်နံပါတ်များမှာ အစဉ်အတိုင်း မဟုတ်ခဲ့ပါက အဖြေတွင် နံပါတ်စဉ်ကို အစဉ်အတိုင်းတပ်ကာ ဆို၍မရပေ။ မေးခွန်းတွင် ပေးထားသည့် နံပါတ်နှင့် အဖြေပါ နံပါတ်တို့ မတူညီပါက အမှန်သော်လည်း အမှတ်ဆုံးရှုံးမည် ဖြစ်ပါသည်။ မေးခွန်းတိုဖြေဆိုရာတွင် ဝါကျအပြည့်အစုံ ရေးသားဖြေဆိုသင့်ပါသည်။
နံပါတ် ၃ (ခ)သည် ကဗျာမေးခွန်းရှည်ဖြစ်ပါသည်။ ဤမေးခွန်းသည် မေးခွန်းပုံစံအနေဖြင့် ပြောင်းလဲမှု မရှိသော်လည်း စစ်ဆေး၊ အကဲဖြတ်ရာတွင် ကျောင်းသူကျောင်းသားများ၏ လေ့လာကျက်မှတ်မှု အတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား၊ အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့်အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် သတ်မှတ်ကာ စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မေးခွန်း၏ ရှုထောင့်အတိုင်း အံဝင်ခွင်ကျ ဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မိမိ ကျက်မှတ်ထားသည့် ကဗျာခေါင်းစဉ်ပါသည်နှင့် ကဗျာစာသား တစ်ပုဒ်လုံးချရေးကာ စကားပြေပြန်ဆို ရေးသားဖြေဆိုမည် ဆိုပါက အချက်အလက်အားလုံးပါဝင်စေကာမူ မေးခွန်းနှင့် အံမဝင်လျှင် ပေးမှတ်တစ်ဝက်အောက်သာ ရရှိမည်ဖြစ်ပါသည်။ ကဗျာ ကောက်နုတ်စာသားများကိုလည်း မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်ရုံသာ ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။
မေးခွန်းနံပါတ်(၄)သည် စကားပြေမေးခွန်းဖြစ်ပါသည်။ မေးခွန်းနံပါတ်(၃) ကဗျာမေးခွန်းနှင့် သဘောသဘာဝအားဖြင့် တူပါသည်။ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ နံပါတ် ၄(က)မှာ စကားပြေ မေးခွန်းတို ဖြစ်ပါသည်။
ဖြေဆိုရန်မေးထားသည့် ပုဒ်ရေအရေအတွက်မှာ(၇)ပုဒ်ဖြစ်ပါသည်။ စကားပြေမေးခွန်းကို ဖြေဆိုရာတွင်လည်း ကဗျာမေးခွန်းတို့ကဲ့သို့ပင် ပေးထားသော မေးခွန်းနံပါတ်နှင့် မိမိရွေးချယ် ဖြေဆိုသော နံပါတ် တူညီမှုရှိရပါမည်။
မေးခွန်းနှင့် အဖြေ နံပါတ်ကိုက်ညီခြင်း မရှိပါက အဖြေမှန်စေကာမူ အမှတ်ဆုံးရှုံးမည် ဖြစ်ပါသည်။ စကားပြေမေးခွန်းတိုဖြေဆိုရာတွင် ကဗျာမေးခွန်းကဲ့သို့ပင် ၀ါကျအပြည့်အစုံရေးသား ဖြေဆိုသင့်ပါသည်။
မေးခွန်းနံပါတ် ၄ (ခ)သည် စကားပြေ မေးခွန်းရှည် ဖြစ်ပါသည်။ စကားပြေမေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက် မိမိကိုယ်ပိုင် အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။
စကားပြေမေးခွန်းရှည်ဖြေဆိုရာတွင် မေးခွန်း၏ ရှုထောင့်ကို သေချာစွာဖတ်ရှုပြီး မေးထားသည့် ရှုထောင့် အတွင်း အံဝင်ခွင်ကျ ဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မေးခွန်း ရှုထောင့်ကို သတိမမူဘဲ အလွတ်ကျက်မှတ်ထားသည့်အပုဒ်နှင့် ခေါင်းစဉ်တူသဖြင့် အချက်အလက်များကိုချည်း အမြောက်အမြားရေသားနေပါက ပေးမှတ်၏ တစ်ဝက်လောက်သာ ရရှိနိုင်မည်ဖြစ်ပါသည်။
မေးခွန်းနံပါတ်(၅) သည် ရေသည်ပြဇာတ်မေးခွန်းဖြစ်ပါသည်။ မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ နံပါတ်၅(က)သည် ရေသည်ပြဇာတ်စကားစပ်မေးခွန်းဖြစ်ပြီး (ခ)သည် အပုဒ်ရှည်မေးခွန်း ဖြစ်ပါသည်။
နံပါတ် ၅ (က) စကားစပ် မေးခွန်းတွင် ယခင်က (၇)မှတ်ပေးသည့် မေးခွန်းပုံစံအစား (၅ )မှတ်ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲသတ်မှတ်ထားပါသည်။
ဖြေဆိုရာတွင် မည်သည့်အခန်းမှဖြစ်သည်ကို ဖော်ပြသည့်အချက်နှင့် စကားစပ်ဆိုင်ရာ အချက်များ (မည်သူက၊ မည်သူ့ကို မည်သည့်အချိန်၊ မည်သည့် နေရာမှာ၊ မည်သည့်အတွက်ကြောင့်) စုစုပေါင်းအချက်(၆)ချက်အတွက်(၃)မှတ်၊ မည်သည်ကိုပြောသည် ဟူသည့် ဆိုလိုရင်းကို ရှင်းလင်းရေးသားဖြေဆိုခြင်းအတွက် (၂)မှတ် သတ်မှတ်ထားရာ လိုရင်းတိုရှင်းဆိုနိုင်ရန် အထူးသတိပြုသင့်ပါသည်။ ပါဝင်သည့်အခန်းကို ဖော်ပြရာတွင် အခန်းနံပါတ်သက်သက်ကို ဖော်ပြခြင်းထက် အခန်းအမည်ကိုပါ ယှဉ်တွဲဖော်ပြသင့်ပါသည်။
နံပါတ် ၅ (ခ)သည် ရေသည်ပြဇာတ်မေးခွန်းရှည်တွင် ယခင်ကအကြောင်းအရာပိုင်းကိုသာပြီး ပေးမှတ်မှာ (၈)မှတ် ဖြစ်သော်လည်း ယခုကျင့်သုံးရမည့် မေးခွန်းပုံစံသစ်တွင် ပြဇာတ်အကြောင်းအရာ တစ်ပုဒ်နှင့် ပြဇာတ်အတတ်ပညာ အရေးအသားတစ်ပုဒ် မေးမြန်းမည်ဖြစ်ပါသည်။ နှစ်ပုဒ်အနက် နှစ်သက်ရာတစ်ပုဒ်ကို ရွေးချယ်ဖြေဆိုရပါမည်။ ပေးမှတ်ကို ယခင်က( ၈ ) မှတ်အစား ( ၁၀)မှတ်သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။
(၁၀) မှတ်တန် မေးခွန်းဖြစ်သည့်အတွက် (၁၀)မှတ်နှင့် လိုက်လျောညီထွေဖြစ်အောင် လေ့လာထားရန်လိုအပ်ပါသည်။ ယခင်က(၈)မှတ်ပေးသည့် အနေအထားမျိုးဖြင့်သာ လေ့လာပြင်ဆင်ထား မည်ဆို ပါက ရမှတ်လျော့နည်း သွားနိုင်ပါသည်။
ကျောင်းသူကျောင်းသားများအနေဖြင့် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ အရေးအသား၊ အတင်အပြနှင့် ပြဇာတ်ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူးသင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်းမေးမြန်းသွားမည် ဖြစ်ပါသည်။
မေးခွန်းနံပါတ်(၆) သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့်မေးခွန်းဖြစ်သော်လည်း ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ်(၆)ကို (က)နှင့်(ခ)ခွဲ၍ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆(က)ကို (၁၀) မှတ်ပေးသည့် စာစီစာကုံးမေးခွန်းအဖြစ်လည်းကောင်း၊ ၆(ခ)ကို အဆိုတစ်ခု ဆွေးနွေးစေသည့် (၁၀)မှတ်ပေးသော မေးခွန်းအဖြစ် လည်းကောင်း ပြောင်းလဲထားပါသည်။
ယခင်အမှတ်(၂၀)ပေးသည့် စာစီစာကုံးတစ်ပုဒ်တည်းကို ဖြေဆိုရခြင်းမှ စာစီစာကုံးနှင့် အဆိုဆွေးနွေး အရေးအသားနှစ်ပုဒ်ခွဲဝေဖြေဆိုရမည် ဖြစ်သည်။ နှစ်ပုဒ်ဖြေဆိုရမည်ဖြစ်ရာ နှစ်ခါစဉ်းစား ဖြေဆိုရမည့်အချက်ကို အထူးသတိပြုရန် လိုအပ်ပါသည်။ ထိုသို့ စဉ်းစားရမည့်အချိန်နှင့် ရေးသားရမည့်အချိန်တို့ကို လုံလောက်မှု ရှိစေရန် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရမည်ဖြစ်သည်။
၆(က) စာစီစာကုံးမေးခွန်းတွင် (၂)ပုဒ်ပေးထားပြီး (၁)ပုဒ်ဖြေဆိုရမည်ဖြစ်သည်။ စာစီစာကုံးရေးသားရန် ပုံကြမ်းအချက် အလက်(၅)ချက်ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းဖြင့် ဆိုရမည်ဖြစ်ပါသည်။
စစ်ဆေးအကဲဖြတ်ရာတွင် ယေဘုယျအားဖြင့် အချက်တစ်ချက်(၂)မှတ်နှုန်းဖြင့် အကဲဖြတ်ရန် လျာထားပါသည်။
စာစီစာကုံးဖြေဆိုရာတွင် အထူးသတိပြုရမည့် အချက်မှာ မေးထားသည့် ပုံကြမ်းအချက်အလက်များကို မိမိ၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်းဖြင့် ရေးသားဖြေဆိုရန် ဖြစ်ပါသည်။
ပေးထားသည့် ပုံကြမ်းအချက်အလက် အစီအစဉ်အတိုင်း မိမိကိုယ်ပိုင်အရေးအသားဖြင့် ဖြေဆိုရမည်ဖြစ်ရာ ပုံကြမ်းအချက်အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ်ရရှိနိုင်မည် မဟုတ်သည်ကို အထူးသတိပြုသင့်ပါသည်။ ယခု ပြောင်းလဲထားသည့် မေးခွန်းပုံစံတွင် စာစီစာကုံးကို အလွတ်ကျက်မှတ်နေပါက အချိန်များစွာကုန်မည့်အပြင် ရမှတ်လည်း ဆုံးရှုံးသွားနိုင်ပါသည်။
၆ (ခ)သည် အသစ်ဖြည့်စွက် ထည့်သွင်းထားသော မေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဖတ်ရှုပြီး မိမိနှစ်သက်ရာဘက်မှ ရပ်တည်ဆွေးနွေးစေသော မေးခွန်းဖြစ်ပါသည်။
ဤမေးခွန်းသည် ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေးအခေါ်၊ ပင်ကိုအရည်အသွေးဖော်ထုတ်ပြသရမည့် မေးခွန်းဖြစ်ပါသည်။ အဆိုကို ဆွေးနွေးဖြေဆိုရာ အရေးအသားဖြင့်သာ ရေးသားရမည်ကို အထူးသတိပြုရပါမည်။ ကျောင်းသူကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းကောင်းလျှင်ကောင်းသလောက်၊ အရေးအသားအတင်အပြကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိနိုင် ဖြစ်ပါသည်။
ပေးထားသောအဆိုမှာလည်း ကျောင်းသူ ကျောင်းသားအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆိုမျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓကအားဖြင့် “မိုးရွာခြင်းသည် နေသာခြင်းထက် ပို၍ပျော်ရွှင်ဖွယ်ကောင်းသည်၊ ပန်းတကာတို့တွင် နှင်းဆီပန်းသည် မြတ်နိုးစရာအကောင်းဆုံးဖြစ်သည်” စသည့် အကြောင်းအရာမျိုး ဖြစ်ပါသည်။
အဆိုဆွေးနွေးအရေးအသားဖြေဆိုရန်အတွက် ရရှိမည့်အချိန်အတိုင်းအတာကို အလေးထားသတိပြုရမည်ဖြစ်သည်။ အဆိုဆွေးနွေးမေးခွန်းအတွက် ရေးသားချိန်သည် မိနစ်(၂၀၊ ၂၅)မိနစ်ခန့်သာ ရရှိနိုင်မည်ဖြစ်ရာ ဖြေဆိုရမည့် ပမာဏကို ချိန်ဆနိုင်ရန် အထူးအရေးကြီးပါသည်။ အဆိုဆွေးနွေး အရေးအသားအတွက် စာပိုဒ်(၄)ပိုဒ်သာ ရေးသားဖြေဆိုသင့်သည်။
ပထမအပိုဒ်သည် အစပျိုးသည့်နိဒါန်းဖြစ်ပြီး ဒုတိယနှင့် တတိယပိုဒ်တို့သည် စာကိုယ်ဖြစ်ပါသည်။ စတုတ္ထပိုဒ်မှာ မိမိ၏ရပ်တည်ချက်ကို အတည်ပြု နိဂုံးချုပ်သည့် အပိုဒ်ဖြစ်သည်။
စာတစ်ပိုဒ်အတွက် ရေးသားချိန်ကို(၅)မိနစ်ခန့်သာ အသုံးပြုသင့်ပါသည်။ စာပိုဒ် တစ်ပိုဒ်ကို မည်မျှပမာဏရေးသားသင့်သည် ဆိုသည်မှာမူ ပေးမှတ်နှင့် ချိန်ဆရမည်။ အဆိုဆွေးနွေးအရေးအသားကို စစ်ဆေး အကဲဖြတ်ရန်အတွက် ယေဘုယျအားဖြင့် ပထမပိုဒ်နိဒါန်းနှင့် စတုတ္ထပိုဒ်နိဂုံးကို (၂) မှတ်စီ၊ ဒုတိယပိုဒ်နှင့် တတိယပိုဒ်စာကိုယ်များကိုမူ (၃) မှတ်စီ သတ်မှတ် လျာထားပါသည်။
တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်သည် မြန်မာစာအရေးအသား၊ မြန်မာစာပေ၏ အနှစ်သာရကို ဖော်ကျူးသည့် ဘာသာရပ်ဖြစ်ရာ ဘာသာရပ်၏ အနှစ်သာရကို သိရှိအောင် လေ့လာသင်ယူရန် လိုပါသည်။ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ သည် အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်း၊ ဓမ္မဓိဌာန်မေးခွန်း၊ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်ပါ အချက်အလက်စသည်တို့ကို တိတိကျကျ ကျမှတ် ရမည် ဖြစ်ပြီး လိုရင်း အချက်အလက်ကို တိတိကျကျ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး မြန်မာစာမေးခွန်းပုံစံသစ်ကို အခက်အခဲမရှိ ဖြေဆိုနိုင်ပြီး အောင်ပန်းဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါသည်။
ဒေါက်တာအောင်မြင့်ဦး ပါမောက္ခ (ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်
source: ministry of education