ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စဉ်းစားတွေးခေါ်နိုင်မှုဆိုင်ရာ မေးခွန်းများ ပိုမိုထည့်သွင်း မေးမြန်းသွားမည်

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စဉ်းစားတွေးခေါ်နိုင်မှုဆိုင်ရာ မေးခွန်းများ ပိုမိုထည့်သွင်း မေးမြန်းသွားမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၈ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲ၏ Question Format လုံးဝပြောင်းလဲဦးမည်မဟုတ်ကြောင်း၊ သို့ရာတွင် မေးခွန်းတွင် မေးမြန်းမည့် အကြောင်းအရာများတွင် ပြဌာန်းစာအုပ်များထဲ၌ ပြဌာန်းထားသော အကြောင်းအရာများကို တိုက်ရိုက်မေးမြန်းမည် မဟုတ်ပဲ စဉ်းစားတွေးခေါ်နိုင်မှု မြှင့်တင်နိုင်မည့် မေးခွန်းများကို ပိုမိုထည့်သွင်းမေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှသာ မေးခွန်းပုံစံများကို စတင်ပြောင်းလဲသွားမည်ဖြစ်ကာ ယင်းသို့ပြောင်းလဲရာတွင် တစ်နှစ်ကြိုတင်အသိပေးမည်ဖြစ်ကြောင်း အဆင့်မြှင့်ပညာ ဦးစီးဌာနမှ သိရသည်။

READ - ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်မှာ ဘာသာရပ်သစ်သုံးခု တိုးချဲ့သင်ကြားမယ်

“သက်ဆိုင်ရာ ပညာရှင်တွေနဲ့ မေးခွန်းပုံစံပြောင်းလဲနိုင်ဖို့ ဆွေးနွေးရမယ့်အပိုင်းတွေရှိပါသေးတယ်။ ဒီပညာသင်နှစ်ရဲ့ စာမေးပွဲမှာ ချက်ခြင်းပြောင်းလဲနိုင်ဦးမထင်ဘူး။ ချက်ခြင်းပြောင်းလဲလိုက်ရင် ကလေးတွေအဆင်သင့်မဖြစ်မယ့်အပိုင်းတွေက ရှိသေးတယ်။ ပြောင်းမယ်ဆိုရင်တော့ တစ်နှစ်ကြိုတင်အသိပေးပြီး ဆရာ၊ ဆရာမများကိုလည်း ပြောင်းလဲတဲ့ မေးခွန်းပုံစံရဲ့ သဘောသဘာဝကို ရှင်းပြရမှာလည်း ရှိသေးတယ်။ မေးတဲ့ပုံစံပဲ နည်းနည်းပြောင်းသွားမှာ။ အားလုံးပြောင်းမှာလည်းမဟုတ်ဘူး” ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ ပြောကြားသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးမြန်းမည့်မေးခွန်းပုံစံများကို သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး မေးခွန်းပုံစံများကို ချပြသွားမည်ဖြစ်ကြောင်း ယခင် မေးခွန်းပုံစံများအတိုင်း မေးမြန်းမည်ဖြစ်သော်လည်း သင်ရိုးညွှန်းတမ်းမှ သွေ့ဖယ်ပြီး ပြင်ပမေးခွန်းများ မေးမြန်းမည်မဟုတ်ကြောင်း သင်ရိုးညွှန်းတမ်းများမှ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုအပေါ် မူတည်ပြီး ဘာသာရပ်ဆိုရာ ပါမောက္ခများ၏ အကြံပြုချက်များဖြင့် ရေးဆွဲမေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

“မေးခွန်းတွေ ပြောင်းမယ်ဆိုရင် ပြည်သူကို အရင်ဆုံးချပြမှာပါ။ ပြီးတော့ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကိုလည်း သင်တန်းပေးတာမျိုးလုပ်ပြီး ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စမ်းသပ်ဖြေဆိုခိုင်းတာမျိုး အကြိမ်ကြိမ်လေ့ကျင့်ပေးရမယ်လို့မြင်တယ်။ ချက်ချင်းကြီး ပြောင်းတယ်ဟေ့ဆိုပြီး လုပ်ရင်ကလေးများအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု ပုသိမ်တက္ကသိုလ်မှ ကထိက ဦးသန်းထိုက်အောင်က ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းကျော် ဖြေဆိုအောင်မြင်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5768 times