တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအသစ်တွင် ဘာသာရပ်အားလုံး၌ လွယ်၊ သင့် ၊ ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်

တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအသစ်တွင် ဘာသာရပ်အားလုံး၌ လွယ်၊ သင့် ၊ ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေး မှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ တွင် ကျင်းပသွားမည်ဖြစ်ပြီး၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ အသစ်တွင် ဘာသာရပ်အားလုံး၌ လွယ်၊ သင့်၊ ခက် မျှတစွာဖြင့် စဉ်းစား တွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်ဟု သိရှိရပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများသည် ၂ဝ၁၅ ခုနှစ်တွင် ၆၃၂၃၁၄ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၆၇၁၄၃၁ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၇၆၇၄၂၂ ဦးနှင့် ၂ဝ၁၈ ခုနှစ်တွင် ၈၄၄၃၅၈ ဦးရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ ၈၉၆ဝ၁၂ ဦး စာရင်းပေးသွင်းထားသဖြင့် နှစ်စဉ်ဖြေဆိုသူ တိုးတက်များပြား လာပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၂၅ဝဝဝဝ ကျော် ပိုများလာပါကြောင်း၊ စာစစ် ဌာနများကိုလည်း ၂ဝ၁၅ ခုနှစ်တွင် ၁၃၇၆ ခု၊ ၂ဝ၁၆ ခုနှစ်တွင် ၁၄၇ဝ၊ ၂ဝ၁၇ ခုနှစ်တွင် ၁၅၉၄ ခု၊ ၂ဝ၁၈ ခုနှစ်တွင် ၁၇၄၂ ခုရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ၁၈၈၁ ခုအထိ တိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမိုအဆင်ပြေနိုင်ဆုံးဖြစ်ရန် အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုအရ တိုးချဲ့ဆောင်ရွက်ပေးထားပါသည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ်မည့် ဆရာ ဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှ အဆုံး အထိ အကောင်းဆုံး ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွား ရမည်ဖြစ်ပါသည်။

စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများလုံခြုံ မှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြုဆောင်ရွက်မည့် သူများအား ဘက်မလိုက်ဘဲ မျှတစွာ တာဝန်ပေး အပ်ရန် လိုပါကြောင်း၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံဆောင်ရွက်ကြရန် နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာ ဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါသည်။

စာစစ်လုပ်ငန်းဆောင်ရွက်ရာ တွင် ကိုယ်ဝန်ဆောင် ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီး သော ဆရာ ဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာ ဆရာမများနှင့် ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာ ဆရာမများအား စာစစ် တာဝန်ပေးခြင်းမပြုရန်နှင့် ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြ လုပ်သက် နှစ်နှစ်အထက်ရှိသည့် ဆရာ ဆရာမများကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ လမတိုင်မီ တာဝန်ပေး ရန်နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များ ကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်နှင့် တာဝန်ရှိသူများက ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ် ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးပို့ချ ကြသည်။

အဆိုပါဆွေးနွေးပွဲသင်တန်းကို နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ချင်း(ပလက်ဝ) တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာ ဆရာမ စုစုပေါင်း ၁ဝ၆၇ ဦး တက်ရောက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များ ရေးသားပြုစုရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်၍ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် သင်ရိုးရေးဆွဲရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: MOI

News Read 6521 times