တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားများ ဇန်န၀ါရီလထဲတွင် ထုတ်ပေးနိုင်မည်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားများ ဇန်န၀ါရီလထဲတွင် ထုတ်ပေးနိုင်မည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ဖြေဆိုရမည် ဖြစ်သည်။

ထိုစာမေးပွဲကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများမှ ဖြေဆိုခွင့်တောင်းခံထားသော ကျောင်းသား/သူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဇန်န၀ါရီလထဲတွင် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

လက်ရှိတွင် ကျောင်းသား/သူများ၏ ဖြေဆိုခွင့်ကတ်ပြားများပေါ်တွင် အမည်ရေးသားခြင်းများကို ပြုလုပ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

"ဖြေဆိုခွင့်ကတ်ပြားများကို စာမေးပွဲမဖြေဆိုခင် တစ်ရက်အထိ ထုတ်ယူလို့ရပါတယ်။ အခုကတော့ ကတ်ပေါ်မှာ နာမည်ရေးနေတာတွေ လုပ်နေတုန်းပဲ။ ဒီလကုန်တဲ့အထိ ပြီးမယ်တော့မထင်သေးဘူး။ ဇန်န၀ါရီလောက်ထဲတော့ ရမယ်ထင်တယ်" ဟုပြောသည်။

ဝင်ခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်း (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/သူများသည် မိမိတို့၏ စာမေးပွဲ ၀င်ခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ပြင်ပမှ ဖြေဆိုမည့် သူများသည် စာမေးပွဲဝင်ခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်မည် ဖြစ်သည်။

ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးပြီးနောက် စာမေးပွဲမဖြေဆိုမီအချိန်တွင် ပျောက်ဆုံးသွားပါက ဖြေဆိုခွင့်ကတ်မိတ္တူကို ပြန်လည်လျှောက်ထားနိုင်မည် ဖြစ်သည်။

ကျောင်းသား/သူများအနေဖြင့် စာမေးပွဲခန်းဝင်ခွင့်ကတ်ပြားများကို ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ တိုက်ရိုက်စုံစမ်းနိုင်သည်။

ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား/သူ ကိုးသိန်းနီးပါး ၀င်ရောက်ဖြေဆိုရန် စာရင်းပေးထားသည်။

source: democracy

News Read 3389 times