ယခုနှစ် ဒီဇင်ဘာလမှစတင်ကာ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များကို နှစ်နှစ်သင်ပညာရေးကောလိပ်မှ နှစ်နှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ရာ သင်တန်းတက်ရောက်ပြီးစီးပါက ဘွဲ့အဆင့်အထိ ရရှိတော့မည် ဖြစ်သည်။
ယင်းအတွက် ယခုနှစ်မှစတင်ကာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ပညာရေးကောလိပ်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများကို သီးခြား အစီအစဉ်ဖြင့် သတ်မှတ်ခေါ်ယူတော့မည် မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်သာ ထည့်သွင်းခေါ်ယူမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာနမှ သိရသည်။
"ဒီနှစ်ဒီဇင်ဘာမှ စဖို့ကတော့သေချာသွားပါပြီ။ သင်ရိုးတွေလည်း ဆွဲနေပါတယ်။ ခေါ်ရင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာ ပါလာပါလိမ့်မယ်။ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခေါ်ဖို့ဆိုတာကတော့ မပြတ်သေးဘူး" ဟုပြောသည်။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို နှစ်နှစ်သင်ပညာရေးကောလိပ်အဖြစ်နှင့်သာ ခေါ်ယူပြီး ယင်းတို့သည် ၂၀၂၀ ပြည့်နှစ်မှသာ သင်တန်းဆင်းမည် ဖြစ်သည်။
ယခုနှစ်မှစတင်ကာ နှစ်နှစ်သင်အစား လေးနှစ်သင်အဖြစ်သို့ ပြောင်းလဲခေါ်ယူမည်ဖြစ်သည့်အတွက် ယခုနှစ် တက်ရောက်ရမည်ဖြစ်သူများသည် ၂၀၂၃ ခုနှစ်မှသာ သင်တန်းဆင်းမည်ဖြစ်သည်။
နှစ်နှစ်သင် ပညာရေးကောလိပ်များခေါ်ယူခြင်းသည် ယခုနှစ်မှစတင်ရပ်ဆိုင်းမည်ဖြစ်သည့်အတွက် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ပညာရေးကောလိပ်သင်တန်းဆင်းများ မရှိတော့ဘဲ ယင်းတို့အစာ ဘွဲ့ရများ လျှောက်ထားနိုင်သည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းများကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့်ခေါ်ယူပြီး ဖြည့်ဆည်းမည် ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၅ ကျောင်းရှိပြီး တစ်နှစ်လျှင် ပညာရေးကောလိပ် သင်တန်းဆင်း ခုနှစ်ထောင်ခန့် မွေးထုတ်ပေးနေသည်။
source: democarcy