မြန်မာစာမေးခွန်းဟာ (၃) နာရီ မေးခွန်းဖြစ်ပြီး မေးခွန်း (၆) ပုဒ် ဖြေဆိုရမှာ ဖြစ်ပါသည်။
မေးခွန်း ၁ (က)
မြန်မာစာ မြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်ရာများ (ကျက်မှတ်မှုဆိုင်ရာ) မေးခွန်းဖြစ်တယ်။ မေးခွန်း (၅) ခု မေးထားပြီး ၁ ခုဖြေရမှာပါ။ ဒီမေးခွန်းမှာ စာအမျိုးမျိုး၊ အက္ခရာပုံသဏ္ဍာန် ပြောင်းလဲပုံများ၊ ဌာန်၊ ကရိုဏ်းနဲ့ ပယတ်၊ စကားသံဖြစ် အင်္ဂါများ၊ ၀ါစင်္ဂဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ၀ါကျဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆို ချက်များကို ဖြေဆိုရမှာဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ သာဓကတွေကို ထည့်သွင်းဖြေဆိုရမှာ ဖြစ်ပါတယ်။
မေးခွန်း ၁ (ခ)
မေးခွန်း (၆) ခုမေးပြီး (၄) ခု ဖြေရမှာ ဖြစ်ပါတယ်။ ဒီတော့ သဒ္ဒါ (၈) ခန်းထဲမှာ နာဝိ၊ ကြိဝိ၊ ၀ိဘတ်၊ ပစ္စည်း၊ သမ္ဗန္ဓကို သာဓကနဲ့ တွက်ကျက်ပါ။ မေးခွန်းကို သေသေချာချာဖတ်ပြီး မေးထားတဲ့ အတိုင်း အတိအကျဖြေပေးရမယ်။
မေးခွန်း ၁ (ဂ)
မြန်မာသဒ္ဒါ (ကျွမ်းကျင်မှုဆိုင်ရာ) မေးခွန်းဖြစ်ပြီး (၅) ခုမေးပြီး ၃ ခု ဖြေရမှာပါ။ များသောအားဖြင့် သဒ္ဒါ အမျိုးအစားအလိုက် စကားလုံးတွေကို ပေးထားပြီး ၀ါကျဖွဲ့ခိုင်းလေ့ရှိပါတယ်။ ၀ါကျထဲက စကားလုံး ကို မျဉ်းသားပြီး ၀ါစင်္ဂအမျိုးအစား ဖြေခိုင်းတာလည်း မေးနိုင်ပါတယ်။
မေးခွန်း ၂ (က)
ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ခိုင်းတဲ့ မေးခွန်းဖြစ်တဲ့အတွက် ကဗျာ၊ စကားပြေ၊ ရေသည်ထဲက မှားတတ်တဲ့ ခက်ဆစ်တွေကို သတိထားပါ။ မေးခွန်း (၈) ခု ပေးထားပြီး (၅) ခု ဖြေရမယ်။ ပြဌာန်းစာ ပါအတိုင်း ဝေါဟာရရဲ့ သဒ္ဒါအမျိုးအစားနဲ့ ကိုက်ညီတဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဖြေဆိုရမှာပါ။
မေးခွန်း ၂ (ခ)
ဝါကျဖွဲ့ရမှာဖြစ်ပါတယ်။ စကားပြေ၊ ကဗျာ၊ ရေသည်ပြဇာတ်တွေမှာပါတဲ့ ဝေါဟာရတွေထဲက မျက်မှောက်ခေတ်တိုင် အသုံးပြုဆဲ ဖြစ်တဲ့ ခေတ်သုံး ဝေါဟာရတွေကို ၀ါကျဖွဲကခိုင်းတာ ဖြစ်သည်။ (၈) ခု မေးပြီး (၅) ခု ဖြေရမယ်။ ၀ါကျဖွဲ့ရာ မှာ ပြဌာန်းစာမှာ သုံးတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်ရမယ်။ ကတ္တားလည်းပါ၊ အနက်အဓိပ္ပာယ်လည်း ပေါ်လွင်၊ သဒ္ဒါအနေအထားလည်း မှန်ကန်တဲ့ ၀ါကျမျိုးး ဖြစ်ရမယ်။
မေးခွန်း ၂ (ဂ)
အလင်္ကာမေးခွန်းဖြစ်ပါတယ်။ မေးခွန်း (၈) ခုမေးပြီး (၅) ခုဖြေရမယ်။ ဖြေတဲ့အခါ ဘယ်ပြဌာန်းစာမှာ ဘာအကြောင်းနဲ့ ဆက်စပ်သုံးတယ်၊ ဘာကြောင့် အလင်္ကာမြောက်တယ်ဆိုတာကို ဖြေရမှာဖြစ်ပါသည်။
မေးခွန်း ၃ (က) ကဗျာ
ကဗျာမေးခွန်းတို (၈) ခုထဲက (၅) ခု ဖြေရမှာဖြစ်ပါတယ်။ ကဗျာ ၁၆ ပုဒ်၊ ရေးသူ၊ ခေတ်၊ ကဗျာအမျိုးအစားကို ပိုင်အောင်ကျက်ပါ။
မေးခွန်း ၃ (ခ) ကဗျာ
ကဗျာမေးခွန်းရှည်ဖြစ်ပြီး၊ ဖြေဆိုရာမှာ ကဗျာပါ အကြောင်းအရာကို မေးသလား၊ ကဗျာစာဆိုရဲ့ အဖွဲ့ အနွဲ့ကို မေးသလား၊ မိမိရဲ့ အတွေးအမြင်၊ ခံစားချက်ကိုပဲ မေးသလား စသည်ဖြင့် သေသေချာချာ ဖတ်ပြီးမှ မေးခွန်းနှင့် ဘောင်ဝင်အောင် ဖြေတတ်ဖို့ လိုပါတယ်။
မေးခွန်း ၄ (က) နှင့် (ခ) စကားပြေ
မြန်မာစကားပြေ လက်ရွေးစင်ထဲက မေးတာဖြစ်ပြီး၊ ရှေ့က မေးခွန်း ၃ (က)၊ (ခ) တို့နဲ့ ဖြေဆိုရမယ့် သဘောတရား အတူတူပါပဲ။ စကားပြေတစ်ပုဒ်ကို ရှုထောင့်အမျိုးမျိုးက မေးနိုင်တဲ့အတွက် အဓိက အချက်နဲ့ ကောင်းမွန်တဲ့ စာသားကောက်နှုတ်ချက်တွေကို အမိအရ ကျက်မှတ်ထားမယ်ဆိုရင် ဘယ်လို ရှုထောင့်ကပဲ မေးမေး မိမိရဲ့ ကိုယ်ပိုင်အတင်အပြနဲ့ အံဝင်ခွင်ကျ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
မေးခွန်း ၅ (က) စကားစပ်
ရေသည်ပြဇာတ် စကားစပ်မေးခွန်းဖြစ်ပါတယ်။ ပေးထားတဲ့စာပိုဒ်ဟာ ဘယ်အခန်းက၊ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာအကြောင်းနှင့် ဆက်စပ်ပြီး၊ ဘယ်လိုပြောတယ်ဆိုတာကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးနိုင်ရမည်ဖြစ်ပြီး ဆိုလိုရင်း အဓိပ္ပာယ်ကို ဖြေတဲ့အခါ မိမိစကားနှင့် ပြေပြေပြစ်ပြစ် ရေးသားဖို့ လိုပါတယ်။
မေးခွန်း ၅ (ခ)
မေးခွန်းမှာတော့ (၂) ပုဒ်မေး (၁) ပုဒ် ဖြေရမှာပါ။ မေးတဲ့မေးခွန်းနဲ့ မသက်ဆိုင်တဲ့ အချက်အလက်တွေကို ထည့်ပြီး မရေးရပါ။ ကိုယ်ပိုင်စကားပြေနဲ့ ရေးရမှာဖြစ်ပြီး စာဆိုဦးပုညရဲ့ စကားအသုံးအနှုန်းတွေ၊ ပြဇာတ်စာသားအကိုးအကားတွေ ထည့်သွင်းရေးသားရမှာပါ။
မေးခွန်း (၆)
စာစီစာကုံးဖြစ်ပါတယ်။ နောက်ဆုံးမေးခွန်းဖြစ်ပြီး အမှတ်အများဆုံးပေးထားတာမို့ သေသေချာချာ ဖြေဆိုဖို့ လိုပါတယ်။ မြန်မာစာဂုဏ်ထူးရလိုသူအတွက် သော့ချက်လည်းဖြစ်တယ်။
အကြောင်းအရာမတူတဲ့ခေါင်းစဉ် (၃) ခု ပေးထားပြီး နှစ်သက်ရာ တစ်ခုကိုသာ ရွေးပြီး ရေးရမှာပါ။ စကားပြောဟန်နဲ့ မရေးရဘဲ စာဟန်နဲ့ ရှင်းလင်းပြေပြစ်စွာ ရေးသားရမှာပါ။
မြန်မာစာဘာသာရပ်မေးခွန်းကို ဖြေဆိုရာမှာ တိကျသေချာစွာ ကျက်မှတ်လေ့ကျင့်ထားမှု စာလုံးပေါင်း သတ်ပုံမှန်ကန်မှု၊ ပုဒ်အထားအသိုနဲ့ ၀ါကျဖွဲ့ထုံးမှန်ကန်မှု၊ ၀ါကျတစ်ခုနှင့်တစ်ခု၊ စာပိုဒ်တစ်ပိုဒ်နှင့် တစ်ပိုဒ် ပြေပြစ်၊ ညီညွတ်စွာ ချိတ်ဆက်နိုင်မှု၊ လက်ရေးလက်သား သပ်ရပ်သန့်ရှင်းမှု စတဲ့အရည်အချင်း၊ အရည်အသွေး တွေနဲ့ ကောင်းမွန်မှန်ကန်စွာ ဖြေဆိုနိုင်မယ်ဆိုရင် ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်တဲ့ အဖြေလွှာ တစ်ခုဖြစ်လာမှာပါ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: thevoice