Sales Hotline : 09448001653       Download App



အရှေ့တောင်အာရှနိုင်ငံများ၌ အပူရှိန်လွန်ကဲမှုကြောင့် ကျောင်းများပိတ်

 

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများမှာ ဧပြီလ ၂၈ ရက်နေ့တွင် အပူလှိုင်းဖြတ်မှုကြောင့် နေ့အပူရှိန် မြင့်တက်လာမှုဒဏ်ကို ရင်ဆိုင်နေရပြီး ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာတွင် အစိုးရကျောင်းများ ၂ ရက်ပိတ်ရန် သက်ဆိုင်ရာ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားပါသည်။

 

အရှေ့တောင်အာရှနိုင်ငံများမှာ ပြီးခဲ့သည့် သီတင်းပတ်၏ အပူချိန်သည် ၄၅ ဒီဂရီစင်တီဂရိတ်အထိ အလွန်မြင့်တက်ခဲ့သောကြောင့် ကျောင်းတချို့ ပိတ်ခဲ့ရပါသည်။ လွန်ခဲ့သည့်လမှစ၍ အချို့သောကျောင်းများသည် အပူဒဏ်ကြောင့် ကျောင်းသားများကို ပိုမိုသက်တောင့်သက်သာဖြစ်စေသော ကျောင်းဝတ်စုံများ ဝတ်ဆင်နိုင်ရေးအတွက် ကျောင်းစည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။ 

 

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာဆိုရင်လည်း အပူချိန်များ စံချိန်တင်လောက်အောင် မြင့်တက်နေပြီး ဆရာ၊ တပည့်များ သွေးပေါင်ချိန် ကျဆင်းခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပွားခဲ့သည့်အတွက် အစိုးရကျောင်းများအားလုံးကို တနင်္လာ၊ အင်္ဂါ (၂) ရက် ပိတ်ပစ်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။ 


ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း အပူရှပ်ခြင်းကြောင့် သေဆုံးသူ ၃၀ ဦးထက်မနည်း ရှိလာခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ် ကျော်ခဲ့သောကြောင့် ပြင်းထန်သည့် ရာသီဥတုအခြေအနေ ဖြစ်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသဌာန သတိပေးချက်တွင် ထုတ်ပြန်ခဲ့သည်။ 

 

မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လာမည့်ရက်များမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်မှာပဲ ဆက်လက်ရှိနေမည်ဟု မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူများမှ ခန့်မှန်းထားကြပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အပူချိန်ပြင်းထန်နေသော်လည်း ကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားပါသည်။


မြန်မာနိုင်ငံတွင် စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီး ပုံမှန် ဧပြီလ ပျမ်းမျှအပူချိန်ထက် ၃ မှ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်မားလျက်ရှိပါသည်။ ရန်ကုန်မြို့ခံတချို့မှာ အပူဒဏ်သက်သာရန်အလို့ငှာ ပန်းခြံများ၊ စျေးဝယ်စင်တာများ၊ YBS များစသည့် လေအေးပေးစက်များ ရှိရာနေရာများသို့ သွားရောက်အပူရှောင်ခြင်းများ လုပ်ဆောင်လျက်ရှိကြပါသည်။ 

 

International News Latest Post Read 5256 times